Tuesday, March 6, 2018

အမေအိုရဲ့ နုပျိုခြင်းများ....

အဖေမရှိတော့တဲ့ နောက်
အမေ့ရဲ့ ရုန်းကန်လှုပ်ရှားခြင်းတွေနဲ့
တည်ခင်းထားတဲ့ ထမင်းဝိုင်းမှာ
ပင်ပန်းခြင်းတွေ အတို့အမြှုပ်လုပ်ပြီး
ချွေးစက်တွေကို ဟင်းရည်ဆမ်းဖြစ်ခဲ့တယ်
ဒီလိုနဲ့......
အသိစိတ်တစ်ဝက်က
တစ်နေ့တာကုန်ဆုံးမှုကို ထိုင်စောင့်ရင်း
အသိစိတ်တစ်ဝက်က
မနက်ဖြန်အတွက် ရင်မောလို့ ။

အသက်ခြောက်ဆယ်ပြည့်တော့မယ့် အမေအိုဟာ
စိတ်ဓာတ်နုပျိုခြင်းတွေနဲ့
အဖေ့ရဲ့တာဝန်ကို ပုခုံးပြောင်းယူရင်း
အရွယ်နဲ့မလိုက် ရုန်းကန်ခဲ့ရတယ်။

အမေ့မှာ ပွဲလမ်းသဘင်သွားဖို့ အချိန်မရှိဘူး
အမေ့မှာ ဘုရားဖူးသွားဖို့ အချိန်မရှိဘူး
အမေ့မှာ ဘုန်းကြီးကျောင်းသွားဖို့ အချိန်မရှိဘူး
အမေဟာ အချိန်ပြည့် ချက်ပြုတ်နေရတယ်
အမေဟာ အချိန်ပြည့် နွမ်းနယ်နေရတယ်။

အခုတော့ အမေဟာ
ထာဝရငြိမ်းချမ်းခြင်းတွေနဲ့အတူ
အဝေးဆုံးကို ထွက်ခွာသွားခဲ့ပေမယ့်
မိဘကျေးဇူးဆပ်ခွင့် မရလိုက်တဲ့ သားတို့မှာ
" နောင်တ"ဆိုတာကြီးက
တွေးမိတိုင်း ခြောက်ခြားစေတယ်...။

အမေရယ်...
မကြားနိုင်မှန်းသိရဲ့နဲ့ အော်ခေါ်လိုက်ချင်တယ်
မလာနိုင်မှန်းသိရဲ့နဲ့ ပြန်ခေါ်လိုက်ချင်တယ်
အမေ့ကျေးဇူးတွေ ဆပ်ချင်သေးတယ်လေ။

မောင်ထွန်းဝင်း(ကျောက်ပန်းတောင်း)

No comments:

Post a Comment

နီးနီးလေးနဲ့ ဝေးတယ်

မင်းနဲ့ကိုယ်ဟာ ဦးတည်ချက်တူပေမယ့် ဘယ်တော့မှ မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေး ဝေးနေတယ်။ စိတ်ခ...